Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကျေးရွာတာဝန်ခံ တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

    လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆ မတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၆ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အိုင်းမကျေးရွာနေ ကျေးရွာခွဲတာဝန်ခံ ဦးဝင်းဌေး(၆၂)နှစ်၊ အိုးဗြင်မဲကျေးရွာနေ ဦးဖိုးတင်(၅၅)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်မြသန်းအေး(၅၂)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက် အင်အား(စိစစ်ဆဲ)က ရောက်ရှိလာပြီး အိုးဗြင်မဲကျေးရွာ-အိုင်းမကျေးရွာ ဆက်သွယ်ထားသည့် မန်းချောင်း တံတားသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ တံတားထိပ်အရောက် ဦးဝင်းဌေးနှင့် ဦးဖိုးတင်တို့ နှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဒေါ်မြသန်းအေးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ဦးဝင်းဌေးနှင့် ဦးဖိုးတင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိက သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ် မှုကြောင့် ကျေးရွာတာဝန်ခံ တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။