Language: Myanmar English

(၁၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကျင်းပ (13th ASEANAPOL Training Cooperation Meeting -13th ATCM)

     ၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက်မှ ၂၀ ရက်အထိ (၁၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေး (13th ASEANAPOL Training Cooperation Meeting -13th ATCM) ကို ရန်ကုန်မြို့ရှိ Jasmine Palace ဟိုတယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ် ခဲ့ပါသည်။

   ၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၃) ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေး (13th ATCM) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး တက်ရောက်အဖွင့် အမှာစကားပြောကြားခဲ့ရာ မြန်မာနိုင်ငံအပါအဝင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံ(အင်ဒိုနီးရှား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်)၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် လေ့လာဖက်အဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့မှ ကိုယ်စားလှယ်များက လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ ကျန်အာဆီယံ အဖွဲ့ဝင် ၅ နိုင်ငံ(ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ)၊ ဆွေးနွေးဖက် ၂ နိုင်ငံ (နယူးဇီလန်၊ UK) နှင့် လေ့လာဖက် ၃ နိုင်ငံ (အာဂျင်တီးနား၊ ကနေဒါ၊ အာရပ်စော်ဘွားများပြည်ထောင်စု) တို့မှ ကိုယ်စားလှယ်များက Online မှတစ်ဆင့်လည်းကောင်း စုစုပေါင်း ၄၅ ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။

    အစည်းအဝေးတွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံရဲအဖွဲ့၏ ဆွေးနွေးဖက်နှင့် လေ့လာဖက်နိုင်ငံ/ အဖွဲ့အစည်းများက စီစဉ်ပေးမည့် သင်တန်းများ၊ လေ့ကျင့်မှုအစီအစဉ်များအပြင် Online မှတစ်ဆင့် လိမ်လည်မှုများ (Online Scams) တိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။