အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ လင်းယောခင်ကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖြူးမြို့နယ်၊ ကညွတ်ကွင်းအရှေ့ (၂)ရပ်ကွက်နေ ဦးဘိုသန်း(၅၈)နှစ်သည် ၎င်း၏သားဖြစ်သူ မင်းသက်ထူး(၁၇)နှစ်နှင့်အတူ ၎င်း၏နေအိမ်မှ လင်းယောခင်ကျေးရွာသို့ ကညွှတ်ကွင်း-မိဿလင်သွားကားလမ်းအတိုင်း ဘေးတွဲဆိုင်ကယ်ဖြင့် သွားရောက်စဉ် လင်းယောခင်ကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ကျေးရွာဆေးပေးခန်း၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ လေသာကုန်းကျေးရွာနေ မောင်ငယ်(၂၂)နှစ်နှင့် မောင်ဝေယံဖြိုး(၁၇)နှစ်တို့သည် ကျေးရွာ၏မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ မြေပဲစိုက်ခင်းသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် မြေပဲစိုက်ခင်းအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့သောကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။