Language: Myanmar English

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသမီး နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ ရေပေါ်ကျွန်းလေးကျေးရွာနေ မတင်နီလာထွန်းဝင်း(၂၂)နှစ်နှင့် ဒေါ်ဌေးဌေး(၅၆)နှစ် တို့သည် ရေပေါ်ကျွန်းလေးကျေးရွာမှ တညောင်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ရေပေါ် ကျွန်းလေးကျေးရွာ၏မြောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ ဘုန်းကြီးကျောင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကလေးဝမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဦးမောင်ငွေ (၆၀)နှစ်သည် ၎င်းနေအိမ်မှ ကလေးဝ-မော်လိုက်သွားကားလမ်းဘေးရှိ နှင်းဆီခြံသို့ သွားရောက်စဉ် နှင်းဆီခြံ၏ အနောက်ဘက် မီတာ ၁၅၀ ခန့်အကွာအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ ညနေ ၄ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဦးအောင်ဇော်မြင့်(၄၃)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအရှေ့ဘက်ရှိ တောအတွင်းသို့ နွားရှာရန် သွားရောက်စဉ် ရွာသစ်ကျေးရွာ၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ ရွာသစ်ကျေးရွာနှင့် ဒေါင့်တိုက်ကျေးရွာကြားအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။