၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ လမ်း ၄၀ ၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ (၃၇)၌ လုယက်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကမ္ဘောဇဘဏ်ခွဲ(၃၇)အတွင်းသို့ ပြောက်ကျားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် အနက်ရောင်ဝတ်ဆင်ထားသူ အမျိုးသား တစ်ဦး(စိစစ်ဆဲ)က ငွေလွှဲ/ငွေထုတ်ပြုလုပ်ဟန်ဆောင်ကာ ဝင်ရောက်လာပြီး ဘဏ်ကောင်တာအမှတ်(၄)ရှေ့အရောက် အသင့်ယူဆောင်လာသည့် သေနတ်ဖြင့် ဘဏ်ဝန်ထမ်းများအား ချိန်ရွယ်ခြိမ်းခြောက်၍ ၎င်းလွယ်လာသည့် ကျောပိုးအိတ်အတွင်း ငွေများအား ထည့်ခိုင်းကာ လုယက်ယူဆောင်၍ ဘဏ်အတွင်းမှ ပြန်လည်ထွက်ခွာစဉ် ဘဏ်ဝန်ထမ်းများနှင့် တာဝန်သိပြည်သူများက လုယက်သူ အမျိုးသားအား ဝင်ရောက်လုံးထွေးဖမ်းဆီးရာ ၎င်းမှ သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့သဖြင့် ဒုမန်နေဂျာ ဦးလမင်းကိုကို၏ ဝဲဘက်လက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လုယက်မှုကျူးလွန်သူ တရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီ(၃၂)နှစ်(ဘ)ဦးညီညီ၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့နယ်နေသူအား လက်လုပ်ပစ္စတိုသေနတ် တစ်လက်၊ ၉ မမကျည် ငါးတောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီအား မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်း၌ (ပ)၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၀၇ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီ၏ထွက်ဆိုချက်အရ ဇန်နဝါရီ ၁၁ ရက် ညနေ ၆ နာရီ ၅ မိနစ်တွင် ၎င်း၏မိဘနေထိုင်ရာ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ရှိ အိမ်သာအမိုးကြားမှ လက်လုပ်သေနတ်အတို နှစ်လက်၊ ဂျင်ကလိ ၁၈ ချောင်း၊ တီရှပ်အင်္ကျီ တစ်ထည်တို့အားလည်းကောင်း၊ ညနေ ၆ နာရီ ၂၀ မိနစ်တွင် ၎င်းငှားရမ်းနေထိုင်သည့် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ၉ မမကျည် ၁၈ တောင့်၊ MDY 1W/XXXX စူပါကတ်အမျိုးအစား ဆိုင်ကယ် တစ်စီးတို့အားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ တရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီအား စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ၆ လပိုင်းခန့်က ခင်မင်ရင်းနှီးသူ ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာ(စိစစ်ဆဲ)နှင့်အတူ စဉ့်ကိုင်မြို့နယ်၊ တဘတ်စွဲ ကျေးရွာအနီးရှိ သရက်ခြံအတွင်း ဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် နေအိမ်များ၌ ထပ်မံရှာဖွေသိမ်းဆည်း ရမိသည့် လက်နက်၊ ခဲယမ်းများအား ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာထံမှ ဖုန်းဖြင့် ချိတ်ဆက်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာထံဖုန်းဖြင့် ဆက်သွယ်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့သို့ ငွေများအား အကြိမ်ကြိမ်ထောက်ပံ့ခဲ့ကြောင်းနှင့် အကြမ်းဖက်အဖွဲ့သို့ ထပ်မံငွေကြေးထောက်ပံ့ပေးရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ်ခွဲ(၃၇)အား ဝင်ရောက်ပစ်ခတ်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီသည် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ၎င်းအကြမ်းဖက်အဖွဲ့သို့ ငွေကြေးထောက်ပံ့ရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ်ခွဲ(၃၇)အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဝင်ရောက်လုယက်ခဲ့မှုကြောင့် ဘဏ်ဝန်ထမ်း တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ကမ္ဘောဇဘဏ်ခွဲ(၃၇)အား သေနတ်ပြခြိမ်းခြောက်၍
ဝင်ရောက်လုယက်သူ အမျိုးသား တစ်ဦးအား ဘဏ်ဝန်ထမ်းများမှ ဝိုင်းဝန်းဖမ်းဆီးရာ လက်လုပ်ပစ္စတို
သေနတ် တစ်လက်၊ ၉ မမကျည် ငါးတောင့်တို့နှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။