Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ်သိန်း ၆,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သိန်း ဖမ်းဆီးရမိ

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် သတင်းအရ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအနီး၌ တောင်ကြီးမှ အောင်ပန်းဘက်သို့ ဟန်လင်းကျော် မောင်းနှင်ပြီး မယွန်းသီရိကျော် လိုက်ပါလာသည့် TOYOTA MARK II ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ သတင်းကွင်းဆက်အရ ဇန်နဝါရီ ၅ ရက် နံနက် ၁၁ နာရီ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ ဇော်ဇော်အောင်(ခ)ထက်အောင် မောင်းနှင်ပြီး သန်းထွန်းနှင့် ကျော်ဝင်း(ခ)ဘလိတို့ လိုက်ပါလာသည့် CRV မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်း ဖမ်းဆီးရမိခဲ့သည်။
     ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ အထက်ပါ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သိန်းအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ကျေးရွာနေ စိုင်းလာ(ခ)ကိုစိုင်း၏ အစီအမံဖြင့် ကွန်ဟိန်းမြို့နယ်၊ ကာလိကျေးရွာနေ စိုင်းဘမောင်(ခ)ကိုဘ(ခ)စိုင်းယွန်းထံမှ ဝယ်ယူခဲ့ပြီး လွိုင်လင်မြို့နယ်၊ နောင်လိုင်မူဖိတ်ကျေးရွာနေ စိုင်းထွန်းလှမှ တောင်ကြီးမြို့သို့ တာဝန်ခံသယ်ဆောင်၍ ဟန်လင်းကျော်နှင့် မယွန်းသီရိကျော်တို့အား စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းကို ပြန်လည်ရောင်းချခဲ့ကြောင်း၊ ဇော်ဇော်အောင်(ခ)ထက်အောင်၊ သန်းထွန်းနှင့် ကျော်ဝင်း(ခ)ဘလိတို့အား စိတ်ကြွရူးသွပ်ဆေးပြား  သုံးသိန်းကို တောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အသွင်ပြောင်းဌာနေပြည်သူ့စစ်(PNO)အဖွဲ့နှင့်ပူးပေါင်း၍ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကြီးကျေးရွာတွင် စိုင်းထွန်းလှအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံ၍ ပြန်လည်ရောင်းချသူများဖြစ်သည့် အောင်ကျော်ဌေး(ခ)ကိုဌေးနှင့် စိုင်းဝေအောင်တို့အား သင်္ဃန်းကျွန်းမြို့နယ်၌လည်းကောင်း၊ ဦးဦးသန့်ဇော်အား တာမွေမြို့နယ်၌လည်းကောင်း အသီးသီးဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။