၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် နံနက် ၇ နာရီတွင် စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ စစ်ကိုင်းမြို့သို့ ပြည်ကြီးတံခွန်မြို့နယ်၊ ဈေးတန်းရပ်ကွက်နေ သန့်ဇင်မျိုး(၃၇)နှစ် မောင်းနှင်လာသည့် YGN-34 9Q/XXXX ISUZU D–MAX မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်းသိရှိရ၍ သန့်ဇင်မျိုးအား စစ်ကိုင်းမြို့မရဲစခန်း(ပ)၃၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ နံနက် ၈ နာရီတွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ ကံတလူစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ ကလေးမြို့သို့ ကလေးမြို့၊ သဇင်ရပ်ကွက်နေ သန်းထိုက်အောင်(၂၉)နှစ် မောင်းနှင်လာသည့် MDY-14 7P/XXXX JEEP မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရ၍ သန်းထိုက်အောင်အား ရွာသစ်ကြီးနယ်မြေရဲစခန်း (ပ)၈/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။