Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့တွင် ငွေကျပ် ၂,၄၅၈ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် ည ၉ နာရီ ၃၀ မိနစ်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၁ လမ်း၌ တူးမိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၀ ဒသမ ၀၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၁၀ နာရီတွင် အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၂ ဒသမ ၅ ကီလို၊ Happy Water ၁ ဒသမ ၂၆ ကီလို၊ အက်တက်စီ ဆေးပြား ၄၅၀ ပြား၊ Happy Water အရည် ၀ ဒသမ ၀၁၈ လီတာ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ဒေသကာလတန်ဖိုး ငွေကျပ် ၂,၄၅၈ သိန်းတန်ဖိုးရှိ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား မန္တလေးမြို့ပေါ်ရှိ KTV/ CLUB/ BAR နှင့် ENTERTAINMENT များတွင် ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တူးမိုင်(၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။