Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိ

        ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
      ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် နံနက် ၈ နာရီတွင် စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ မိုးညှင်းမြို့နယ်၊ သရက်ကုန်းကျေးရွာနေ လှမင်းသန်း(၃၅)နှစ် မောင်းနှင်လာသည့် YGN- 35 1E/XXXX HILUX SURF ခဲရောင်ယာဉ်နှင့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ ခင်မောင်လွင်(၄၀)နှစ် မောင်းနှင်လာသည့် MDY-RLG/XXXX HIJET အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက် အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် လှမင်းသန်းနှင့် ခင်မောင်လွင်တို့အား စစ်ကိုင်းမြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
     အလားတူ နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ ကံတလူစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ရေတာရှည်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ခင်မောင်တင့်(၆၂)နှစ် မောင်းနှင်လာသည့် MDY-4 RLG/XXXX FORD အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ခင်မောင်တင့်အား ရွာသစ်ကြီးနယ်မြေရဲစခန်း (ပ)၁၀/ ၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး 
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။