၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာ အုပ်စု၊ ဝမ်တာပုံကျေးရွာအနီးတွင် အိုက်ခမ်းယွန်း မောင်းနှင်ပြီး မနန်းဆိုင်မို လိုက်ပါလာသည့် TOYOTA HILUX REVO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ကက်တမင်း ၃၉ ကီလို (တစ်ကီလိုလျှင် ၈၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃၃၁၅ သိန်း)နှင့် အိုက်စ်(မက်သ်အဖတ်တမင်း) ၁၈ ကီလို (တစ်ကီလိုလျှင် ၈၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၄၄၀ သိန်း)တို့ကိုလည်းကောင်း ဖမ်းဆီးရမိ ခဲ့သည်။
အလားတူ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ မောင်ရွှေအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် တန့်ယန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၅၀၀ ပြား၊ ဘိန်းဖြူ ၂၀ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၇,၅၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၇၅ သိန်း)၊ ဘိန်းဖြူ ၂၀ ဂရမ်(တစ်ဂရမ်လျှင် ၂၀,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၄ သိန်း) သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ မက်မွန်မုန်းကျေးရွာ အုပ်စု၊ ကုန်ပုတ်ကျေးရွာရှိ အိုက်ထွန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀,၀၅၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၀၀ ဒသမ ၂၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။