၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၁၅ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ ငါးပစ်ဂိမ်းလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ကျွန်းတော်လမ်းဘေးရှိ ကျူးတဲအတွင်း၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတဲအတွင်း၌ တွမ်ပိကော(၄၁)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ဒေါ်ငြိမ်းငြိမ်း(၃၇)နှစ်တို့ နှစ်ဦးအား ငါးပစ်ဂိမ်းစက် နှစ်လုံး၊ ဒေါ်ငြိမ်းငြိမ်း လွယ်ထားသည့် လွယ်အိတ် အတွင်းမှ ဂိမ်းအမှတ်ထည့်ရာတွင် အသုံးပြုသည့် ကတ် တစ်ခု၊ လောင်းကစားဒိုင် ပြုလုပ်ရာမှရရှိသည့် လောင်းကြေးငွေတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တွမ်ပိကောနှင့် ငြိမ်းငြိမ်းတို့ နှစ်ဦးအား မူဆယ်မြို့မရဲစခန်း (ပ)၃၇/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ ငါးပစ်ဂိမ်းလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။