၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ ရုံးသုံးစက္ကူဟောင်းများခိုးယူသူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ စက်မှုဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းလှသည် ရုံး၌ရှိနေစဉ် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်တောင်ရွာနေ သန်းသန်းနွယ် (၃၆)နှစ်မှ ရိပ်သာအဆောက်အအုံအတွင်းရှိ ရုံးသုံးစက္ကူဟောင်း ၁၀ ပိဿာခန့်ပါ ပီနံအိတ် ၇ အိတ်၊ တစ်ပိဿာလျှင် ၇၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေ ၄၉,၀၀၀ ကျပ်အား ဝင်ရောက်ခိုးယူသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သန်းသန်းနွယ်အား ဘုရားကုန်းမြို့မရဲစခန်း (ပ)၉/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ ရုံးသုံးစက္ကူဟောင်းများခိုးယူသူ အမျိုးသမီး တစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။