Language: Myanmar English

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မက်မန်းမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မက်မန်းမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တို့၌ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က ဘိန်းခင်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
     ထိုသို့ဖျက်ဆီးရာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ပန်ရောင်းကျေးရွာအနောက်တောင်ဘက် ၁ မိုင် ၂ ဖာလုံခန့်၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း ခြောက်ဧကခန့်အား လည်းကောင်း၊ နံနက် ၉ နာရီ ၃၅ မိနစ်တွင် မက်မန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မက်မန်းမြို့နယ်၊ ကောင်းခွပ်ကျေးရွာအရှေ့တောင်ဘက် ၄ ဖာလုံ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း တစ်ဧကခန့်အားလည်းကောင်း ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
     အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မိုင်းပျဉ်းမြို့နယ်၊ တုံတာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းပျဉ်းမြို့နယ်၊ နောင်ကွဲကျေးရွာအနောက်တောင်ဘက် ၅ မိုင် ၄ ဖာလုံခန့်၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း သုံးဧကခန့်အားလည်းကောင်း၊ နံနက် ၉ နာရီ ၅ မိနစ်တွင် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ထီတရန်းကျေးရွာ အနောက်ဘက် သုံးဖာလုံခန့်၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း ၁၁ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မက်မန်းမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ 
ဘိန်းခင်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံ။