Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဘော်ကျေးရွာအုပ်စု၊ ပုံကုန်းကျေးရွာအနီး၌ အောင်နိုင်မိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ပုံကုန်းကျေးရွာရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၄၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၁,၈၀၀ ပြား(တစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၃၆ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် အောင်နိုင်မိုး(၅၄)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရှိရသည်။
     အလားတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီး၌ အောင်လတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၅၀ သိန်း) သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ သန်းစိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၈ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် အောင်လတ်(၅၀)နှစ်နှင့် သန်းစိုး (၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။