Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ ခနောက်စိမ်းသတ္တုရိုင်းများ တရားမဝင်သယ်ဆောင်လာသူ လေးဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ ခနောက်စိမ်းသတ္တုရိုင်းများ တရားမဝင်သယ်ဆောင်လာသူ လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက် ည ၁၁ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာ၊ ကလော-ရွှေမင်းဖုန်းကျေးရွာသွားလမ်း ပလောင်တောင်ဗျူးပွိုင့်လမ်းဆုံ၌ ကလောခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ယာဉ်စစ်ဆေးခြင်းများ‌ ဆောင်ရွက်ခဲ့ရာ ရွှေမင်းဖုန်းကျေးရွာမှ ကလောမြို့သို့ ရွှေမင်းဖုန်းကျေးရွာနေ ထွန်းအောင်(၄၀)နှစ် မောင်းနှင်ပြီး ကိုအောင်(ခ)အောင်အောင်(၄၅)နှစ် လိုက်ပါလာသော LIFAN အမျိုးအစား ခြောက်ဘီး မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ် ၅၅ အိတ်ဖြင့်ထည့်လျက် ခနောက်စိမ်းသတ္တုအရိုင်းတုံး ၂.၂ တန်ခန့်အားလည်းကောင်း၊ တောင်ပတ်ကျေးရွာနေ အောင်မြင့်မြတ်(ခ)နေတိုး(၂၀)နှစ် မောင်းနှင်ပြီး မောင်ကြိုင် (၆၃)နှစ် လိုက်ပါလာသည့် SKAT အမျိုးအစား ခြောက်ဘီးမော်တော်ယာဉ်ပေါ်မှ ဆာလာအိတ် ၅၂ အိတ်ဖြင့်ထည့်လျက် ခနောက်စိမ်းသတ္တုအရိုင်းတုံး ၂.၁ တန်ခန့်အားလည်းကောင်း တရားမဝင် အထောက်ထားမဲ့ သယ်ဆောင်လာသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ လေးဦးအား ကလောမြို့မရဲစခန်း (ပ)၂၆/၂၀၂၅၊ မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ ခနောက်စိမ်းသတ္တုရိုင်းများ တရားမဝင်
 သယ်ဆောင်လာသူ လေးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။