Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

      ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၁၈ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ Junction မီးပွိုင့်၌ အမှတ်(၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ ဧည့်ဂေဟာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တော်ဝင်ရတနာမီးပွိုင့်ဘက်မှ Junction မီးပွိုင့်ဘက်သို့ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ ချစ်ကိုကိုလှိုင်(၃၆)နှစ် မောင်းနှင်လာသည့် MON-8 7P/XXXX Honda Fit ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုယာဉ်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ချစ်ကိုကိုလှိုင်အား ဧည့်ဂေဟာနယ်မြေရဲစခန်း (ပ)၁၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။