Language: Myanmar English

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၁၀ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့

      ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြည်ပနိုင်ငံသား ၂၁၀ ဦး ကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။
      အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိသည်။
     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၁၇၆၃ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၂၆၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၅၀၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။