ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီ ၂၀ မိနစ်တွင် ထန်းတပင်မြို့နယ်၊ အညာစုကျေးရွာအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမှတ်(၅)လမ်းအတိုင်း အရှေ့မှအနောက်သို့ တွံ့တေးမြို့နယ်၊ ခြံကလေးကျေးရွာနေ မြင့်စိုးလှိုင်(၄၃)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်ခင်ကြည်ခိုင်(၃၇)နှစ် လိုက်ပါလာသော မော်တော်ဆိုင်ကယ်သည် အညာစုကျေးရွာအနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်နေသည့် ဦးရင်မောင်သန်း(၃၂)နှစ်အား ဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့သဖြင့် မြင့်စိုးလှိုင်နှင့် ဦးရင်မောင်သန်းတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီး ဒေါ်ခင်ကြည်ခိုင်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် မြင့်စိုးလှိုင်အား တက်သစ်နယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။