၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၉ နာရီ ၄၄ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ဇေယျာထွန်းလွန်းကျင်းရှိ ခနောင်တိုချောင်းအတွင်း ရပ်ထားသော တာဝန်ခံ ဦးစောဆာလောလှ၏ ၁၂၀x၂၅ ပေ၊ ရေစူး ခုနစ်ပေရှိ “မင်္ဂလာရွှေပြည်” တွဲတွန်း (၂)ထပ်ရေယာဉ်တွင် ပန်ကာတပ်ရန် သံပြားအားကတ်တာဖြင့် အဝိုင်းပေါက်ဖော်ရာမှ အနီးရှိ ဂတ်(စ်)အိုးအားထိ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်မီးသတ်စခန်းနှင့် ဒလမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ အပေါ့စားစက် ငါးလုံး၊ Foam ဆေးရည် ၉၀ ဂါလန်ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ရေယာဉ်ပေါ်ရှိ အမျိုးသား တစ်ဦး ဝဲ/ယာခြေသလုံးအရေပြား၊ ဝဲ/ယာ လက်ခုံ၊ ခါး၊ ယာဘက်လည်ပင်း မီးလောင်ဒဏ်ရာနှင့် အမျိုးသမီး တစ်ဦး ယာခြေခုံမီးလောင်ဒဏ်ရာရသူတို့အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဆိပ်ကြီးခနောင်တိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သင်္ဘောဝမ်းဗိုက်နှင့် အောက်ဆီဂျင်လေအိုး၊ ဒီဇယ်ဆီ ၃၀၀ ဂါလန် မီးလောင်ဆုံးရှုံးခဲ့ပြီး ရေယာဉ်လုပ်သား ဦးကျော်လင်းနိုင်အား ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။