Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက် ည ၁၀ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းမီးပွိုင့်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ပန်းဆိုးတန်းလမ်းအတိုင်း မြောက်မှ တောင်သို့ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်နေ လှိုင်မင်းထွန်း(၃၀)နှစ် မောင်းနှင်လာသော BGO-11 3N/XXXX Mazda Bongo အမျိုးအစား မော်တော်ယာဉ်သည် အနော်ရထာလမ်းဆုံမီးပွိုင့်အရောက် ယာဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ ထမင်းကြော်ဆိုင်အား ဝင်ရောက်တိုက်မိသဖြင့် ဆိုင်အတွင်းရှိနေသူ ကျောက်တံတားမြို့နယ်၊ အမှတ်(၂) ရပ်ကွက်နေ ဒေါ်ကြူကြူခိုင်(၅၈)နှစ်၊ ဒေါ်ရှမ်း (၆၅)နှစ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်နေ နိုင်လင်းဦး(၃၈)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် လှိုင်မင်းထွန်းအား ကျောက်တံတားမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် 
အမျိုးသမီး နှစ်ဦးတို့ ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။