Language: Myanmar English

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာအုပ်စု၊ ဝမ်တာပုံကျေးရွာအနီးတွင် မိုင်းခတ်မှ ကျိုင်းတုံသို့ စိုင်းရီသန်း မောင်းနှင်လာသည့် TOYOTA HIACE အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀ ကီလို(တစ်ကီလိုလျှင် သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၄၀၀၀) သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းရီသန်း(၃၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
     အလားတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့(အောက်)ကျေးရွာအနီးတွင် ဘာဘင်(ခ)အားဘူ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် ကော်ပုံးအတွင်းမှ ဘိန်းစိမ်း ၂၄ ကီလို(တစ်ကီလိုလျှင် ၇ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၆၈ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ဘာဘင်(ခ)အားဘူ(၃၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။