၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၇ နာရီ ၂၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဟဲဟိုး-ရွှေညောင်သွားကားလမ်း မိုင်တိုင်အမှတ် ၉၄ မိုင် ၇ ဖာလုံနှင့် ၉၅ မိုင်အကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သွားရောက်စစ်ဆေးခဲ့ရာ ရွှေညောင်မြို့၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာနေ သူရဇော်(၄၀)နှစ် မောင်းနှင်လာသည့် SHN-15 1H/XXXX MARK-II အဖြူရောင်မော်တော်ယာဉ်သည် ဟဲဟိုးမြို့မှ ရွှေညောင်မြို့သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက် ၎င်း၏အရှေ့မှ ဟဲဟိုးမြို့၊ ဘော်နင်းကျေးရွာအုပ်စု၊ ညောင်ခါးရှည်ကျေးရွာနေ ဦးမဲ(၅၈)နှစ် မောင်းနှင်လာသည့် Luojia မော်တော်ဆိုင်ကယ်အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးမဲတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သဖြင့် သူရဇော်အား ဟဲဟိုးနယ်မြေရဲစခန်း (ပ)၄/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။