Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

       ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာအုပ်စု၊ အင်းတိုင် ကျေးရွာအနီးတွင် မနန်စီ(ခ)မနှင်းဆီနှင့် စိုးလွင်တို့အား TOYOTA MARK-II မော်တော်ယာဉ်နှင့် HONDA FIT မော်တော်ယာဉ် နှစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ HONDA FIT ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ပြား(တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၃,၀၀၀) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်၌ မင်္ဂလာဒုံ မြို့နယ်၊ လေးထောင့်ကန်စံပြရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အောင်အောင်ဦး အား FIELDER မော်တော်ယာဉ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့သဖြင့် မနန်စီ(ခ)မနှင်းဆီ(၄၁)နှစ်၊ စိုးလွင်(၄၂)နှစ်နှင့် အောင်အောင်ဦး(၄၃)နှစ်တို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 
    အလားတူ ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ရှုခင်းသာ(၁)ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျဒ အား စစ်ဆေး ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား (တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၄ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ကျဒ(၂၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။