Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ လေးကောင်ဂျင် လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

       ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က မန္တလေးတိုင်းဒေသကြီး၊  မဟာအောင်မြေမြို့နယ်၌ လေးကောင်ဂျင် လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် ည ၁၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၉ လမ်းနှင့် ၈၉(A)လမ်းကြားရှိ မြစိမ်းရောင် ခန်းမအတွင်း လေးကောင်ဂျင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ရာ လေးကောင်ဂျင် လောင်းကစားပြုလုပ်နေသော အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်နေ သက်လင်းထွန်း(၄၇)နှစ်ပါ အမျိုးသား ၃၃ ဦး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်နေ သန္တာဦး(၄၃)နှစ်ပါ အမျိုးသမီး ၁၅ ဦးတို့အား ဂျင်ဝိုင်းလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဂျင်သီးနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေကျပ် ၁၅,၉၃၀,၈၀၀ သိန်း၊ ဆိုင်ကယ် ၃၇ စီး၊ စက်ဘီး တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် သက်လင်းထွန်းပါ ၄၈ ဦးနှင့် အဆိုပါခန်းမအား လောင်းကစားပြုလုပ်ရန် ငှားရမ်းခဲ့သူ ကိုကိုလေး(ခ)ဖိုးလပြည့်(စိစစ်ဆဲ)တို့အား မဟာအောင်မြေမြို့နယ်၊ အမှတ်(၇) နယ်မြေရဲစခန်း (ပ)၂၁/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် ကိုကိုလေး(ခ)ဖိုးလပြည့်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ လေးကောင်ဂျင် 
လောင်းကစားပြုလုပ်သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။