Language: Myanmar English

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ (၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား

    ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ (၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တက်ရောက်အမှာစကား ပြောကြားပါသည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ (၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ဗဟိုဌာနချုပ်ရုံးအား စတင် ဖွင့်လှစ်၍ အဖွဲ့ဝင်များ အင်အားတိုးတက်ခိုင်မာလာစေရေးအတွက် စည်းရုံးရေး၊ ဖွဲ့စည်းရေး၊ ရန်ပုံငွေ တိုးတက်ရေး အစရှိသည့် လုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပေါင်းစပ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်စည်းရုံးရေးကော်မတီ၊ မြို့နယ်စည်းရုံးရေးကော်မတီအဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအထိ ၃ နှစ်တာကာလအတွင်း မြို့နယ်ရဲမှုထမ်းဟောင်း အဖွဲ့များနှင့် တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များအား တိုးတက်ဖွဲ့စည်းဆောင်ရွက်နိုင် ခဲ့ကြောင်း တွေ့ရှိရပြီး ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
    တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့်လည်း မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့ဝင် များအတွက် သာရေး/ နာရေး၊ လူမှုရေးဆိုင်ရာကိစ္စများတွင် ကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း ရန်ပုံငွေများထည့်ဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဗဟိုအမှုဆောင်အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ရဲမှုထမ်းအငြိမ်းစားသေဆုံးသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သား/သမီးများနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး များအပေါ် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိပိုင်ဆိုင်ထားသည့် ရန်ပုံငွေကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသည့်လုပ်ငန်းများဖြင့် တိုးပွားအောင် ဆက်လက်လုပ်ဆောင် သွားပြီး ရရှိလာသည့် ရန်ပုံငွေများကို ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သက်သာချောင်ချိရေးကိစ္စ များအပြင် အဖွဲ့ဝင်မိသားစုများ၏ သက်သာချောင်ချိရေးကိစ္စများအထိ တတ်စွမ်းသမျှ ကူညီဆောင်ရွက် ပေးခြင်းဖြင့် မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို ပိုမိုကျစ်လစ်ခိုင်မာလာအောင် တည်ဆောက် နိုင်မည်ဖြစ်ကြောင်း။ 
    မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့အနေဖြင့် အဖွဲ့၏ရည်ရွယ်ချက်(၄)ရပ်နှင့် လုပ်ငန်းစဉ် (၆)ရပ်တို့ကိုအောင်မြင်အောင် နှစ်အလိုက်မျှော်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲပြီး လျာထားချက်များအတိုင်း အောင်မြင်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် အဖွဲ့ဝင်အင်အား တောင့်တင်းပြီး ကျစ်လစ်ခိုင်မာရေးကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်သည့်အတွက် သတ်မှတ်ချက် နှင့်ကိုက်ညီသည့် ရဲတပ်ဖွဲ့ဝင်ဟောင်းများအားလုံး အဖွဲ့ဝင်ဖြစ်လာစေရေး အလေးထားစည်းရုံး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့၏ ရည်ရွယ်ချက်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် အဖွဲ့ဝင်များအနေဖြင့်  ဒို့တာဝန်အ‌ရေး (၃)ပါးကို ဦးထိပ်ထား၍ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး ဆောင်ရွက်သည့်အပိုင်းတွင် တတ်စွမ်းနိုင်သမျှ မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် တစ်ဖက် တစ်လမ်းမှ ပံ့ပိုးပါဝင်ကူညီပေးခြင်းအားဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သွားကြရန် တိုက်တွန်း အမှာစကားပြောကြားသည်။
    ထို့နောက် တက်ရောက်လာကြသည့် ရဲမှုထမ်းဟောင်းကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ကာ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက (၃)နှစ်တာကာလ အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ထားရှိမှုတို့အား ပြည်ထောင်စု ဝန်ကြီးထံ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်လမ်းညွှန်အမှာစကားပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
    အဆိုပါ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းအဖွဲ့ (၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။