Language: Myanmar English

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၈၇ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့

      မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ပြီး တိုက်ဖျက်လျက်ရှိသည်။
      ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍  မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၈၇ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းခဲ့သည်။
     အဆိုပါ  ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပြည်ပနိုင်ငံသားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊  လုံခြုံရေးနှင့် ပြည်နှင်လွှဲပြောင်းရေးကိစ္စရပ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 
      ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား စုစုပေါင်း ၂၉၂၅ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇၅၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၁၆၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။