Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် စစ်ကိုင်းမြို့မှ မြင်းမူမြို့သို့ ပုသိမ်ကြီးမြို့နယ်၊ စည်ပင်သာယာရပ်ကွက်နေ သီဟအောင်(၃၆)နှစ် မောင်းနှင်လာသည့် YGN-10 5M/XXXX TOYOTA CROWN မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် သီဟအောင်အား ရွာသစ်ကြီးနယ်မြေရဲစခန်း (ပ)၁၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း။
     အလားတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ပညာရေးတက္ကသိုလ်အနီး သာစည်လမ်းနှင့် TTC(၉)လမ်းထောင့်၌ အမှတ်(၁၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုံရွာမြို့နယ်၊ မြဝတီရပ်ကွက်နေ အောင်ကျော်ဦး(၂၅)နှစ် မောင်းနှင်လာသည့် MDY-6 5F/XXXX TOYOTA CROWN မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကျော်ဦးအား မုံရွာနယ်မြေရဲစခန်း (ပ)၄၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း။
     အလားတူ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြားရှိ စစ်တောင်းတံတား အသစ်(မုပ္ပလင်)၌ ဝေါမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့မှ ဝေါမြို့သို့ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နေ ထက်လွင်ဖြိုး(၃၆)နှစ် မောင်းနှင်လာသည့် MDY-18 9G/XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ထက်လွင်ဖြိုးအား ညောင်ခါးရှည်နယ်မြေရဲစခန်း (ပ)၂၅/၂၀၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။