မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေး(၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သောလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့သည်။
အစည်းအဝေးအား အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုရေးဆွဲထားပြီးဖြစ်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅)နှစ်စီမံကိန်း (၂၀၂၂- ၂၀၂၆)၏ ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များ လက်တွေ့အကောင်အထည်ဖော်ရာတွင် အောင်မြင်မှုရရှိနိုင်ရေး အတွက် ယခုကဲ့သို့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်ဖြင့် ၁၉၉၇ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အားထုတ်ကြိုးပမ်းဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒုတိယဝန်ကြီးများ ဥက္ကဋ္ဌအဖြစ် ပါဝင်သည့်လုပ်ငန်းကော်မတီ (၄)ခုကို ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားအဆင့် (၅)နှစ်စီမံကိန်း များကို ၂၀၀၇ ခုနှစ်မှ စတင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စတုတ္ထ (၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၆)၏ စတုတ္ထ (၅)နှစ်ဖြစ်သည့် ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်ကို မူဝါဒနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကဏ္ဍကြီး(၄)ရပ်တွင် လုပ်ငန်းစဉ်(၆၁)ခုနှင့် လုပ်ငန်းဆောင်ရွက်ချက် (၁၇၁)ချက်ကို ထည့်သွင်းရေးဆွဲထားရှိကြောင်း၊ မြန်မာနိုင်ငံတွင် နည်းပညာများကို အသုံးပြု၍ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုပုံစံအသစ်များ၊ လူကုန်ကူးမှုလမ်းကြောင်းများ၊ ကျူးလွန်လာသည့် နည်းလမ်းများအား ဖြေရှင်းဖော်ထုတ်နိုင်ရန် လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအပြင် လူကုန်ကူးမှုများကို တိုက်ဖျက်နှိမ်နင်းမည့် နည်းလမ်းများပါဝင်သော လုပ်ငန်းဆောင်ရွက်ချက်အသစ်များ ရေးဆွဲထားရှိကြောင်း။
ယခင် ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို ပြန်လည်သုံးသပ်ပါက ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းကဏ္ဍ(၄)ရပ်ရှိ မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကဏ္ဍတွင် ၉၄.၇ ရာခိုင်နှုန်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကဏ္ဍတွင် ၉၉ ရာခိုင်နှုန်း၊ တရားစွဲဆိုရေးလုပ်ငန်းကဏ္ဍတွင် ၉၂ ရာခိုင်နှုန်း၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကဏ္ဍတွင် ၉၉ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
မူဝါဒနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကဏ္ဍတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနည်းဥပဒေ (မူကြမ်း)နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ(မူကြမ်း)တို့ကို အတည်ပြုနိုင်ရေးနှင့် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများ၊ သဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးသည့်နိုင်ငံများ၊ လူကုန်ကူးမှုများ ဆက်စပ် ဖြစ်ပွားနေသော နိုင်ငံများနှင့်ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘင်းစတက်ကွန်ဗင်းရှင်းလုပ်ငန်းလမ်းညွှန်(TOR)နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘင်းစတက်လုပ်ငန်းစီမံချက်ကို အပြီးသတ် ရေးဆွဲအတည်ပြုရာ၌ ပါဝင်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ မဲခေါင်မြစ်ဝှမ်းအတွင်း နိုင်ငံများအကြား လူကုန်ကူးမှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် (၅)ကြိမ်မြောက် မဲခေါင်ဒေသခွဲ လုပ်ငန်းစီမံချက်(မူကြမ်း) ရေးဆွဲရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
ကြိုတင်ကာကွယ်ရေးလုပ်ငန်းကဏ္ဍတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆောင်ရွက်မှုများကို ပြည်သူလူထုထံရောက်ရှိစေရန် မီဒီယာပိုင်းကို အလေးထားဆောင်ရွက်နိုင်ခဲ့ပြီး အသိပညာပေးမှုများ၊ တားဆီးပြန်လွှတ်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများ လူကုန်ကူးမခံရစေရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့စည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာပြီး အခက်အခဲမျိုးစုံကြုံတွေ့နေရသည့် နိုင်ငံခြားသားများအား ကူညီစုံစမ်း ရှာဖွေကယ်တင်ပေးရန် သက်ဆိုင်ရာသံရုံးများ၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ အင်တာပိုလ်၏ National Central Bureau (NCB) လမ်းကြောင်းများမှတစ်ဆင့် အကူအညီတောင်းခံလာမှုများကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း။
တရားစွဲဆိုရေးလုပ်ငန်းကဏ္ဍတွင် လူကုန်ကူးမှုများအား စုံစမ်းဖော်ထုတ်စစ်ဆေးမှု၊ အမှုတည်ဆောက်မှု၊ တရားစွဲဆိုမှုများနှင့် ဥပဒေနှင့်အညီ ထိုက်သင့်သောပြစ်ဒဏ်များ ချမှတ်နိုင်ရေး တရားစွဲအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကဏ္ဍတွင် လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ပြီး လူကုန်ကူးခံရသူများအတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများကိုလည်း ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူများအား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအပါအဝင် လူသားအချင်းချင်းစာနာသည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်းပြီး ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ ဘဝရပ်တည်နိုင်ရေးအတွက် နောက်ဆက်တွဲ စောင့်ရှောက်မှုအနေဖြင့် ကူညီထောက်ပံ့မှုများကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဆောင်ရွက်လျက်ရှိကြောင်း။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်းမှ ရွှေ့ပြောင်းသွားလာလုပ်ကိုင်လိုသူများကို ပြည်ပသို့ တရားမဝင်ပို့ဆောင်နိုင်ရေးအတွက် လူမှောင်ခိုကူးသူများက အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်လာသည်ကို တွေ့ရှိရကြောင်း၊ ဂိုဏ်းဖွဲ့ကျူးလွန်သော လူမှောင်ခိုကူးသူများကို တားဆီးနှိမ်နင်းနိုင်ရန် လူမှောင်ခိုကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သော ဥပဒေ(မူကြမ်း)ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များမှ ၂ဝ၂၅ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကောင် အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများ၊ စိန်ခေါ်မှုများနှင့် လုပ်ငန်းအခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးက ခြုံငုံသုံးသပ်ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက နိဂုံးချုပ်ပြောကြားရာတွင် ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်မည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အကောင်းဆုံးနည်းလမ်းများကို ဆွေးနွေးချပြခဲ့ပြီး မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)၏ မျှော်မှန်းရလဒ်တစ်ခု ထွက်ပေါ်လာသည်အထိ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားကာ အစည်းအဝေးအားရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။