Language: Myanmar English

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေသူများအား ဖမ်းဆီး အရေးယူ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်နေ တင်မာဖြူ(ခ)ခင်မိုးဝေ(၄၀)နှစ်၏နေအိမ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါရပ်ကွက်နေ တင်မာဖြူ(ခ)ခင်မိုးဝေ၊ တစ်ရပ်ကွက်တည်းနေ ကေသွယ်ဦး(၂၇)နှစ်၊ ဝင်းဝင်းသန်း(၄၁)နှစ်၊ ပြုံးပြုံးသန်း(၅၇)နှစ်နှင့် မိုးမိုးအေး(၄၈)နှစ်တို့အား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၅,၈၀၀ ဘတ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် တင်မာဖြူ(ခ)ခင်မိုးဝေပါ ၅ ဦးအား တာချီလိတ်မြို့မရဲစခန်း (ပ)၄၀/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၆(က)/ ၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။