Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံး

      ၂၀၂၅ ခုနှစ်၊ မတ် ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၃ ရက် နံနက် ၅ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သွားရောက်စစ်ဆေးခဲ့ရာ အမြန်လမ်းမကြီးအတိုင်း နေပြည်တော်မှ ရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂)ရပ်ကွက်နေ စိုးလွင်(၅၆)နှစ် မောင်းနှင်ပြီး ဇနီး ဒေါ်ပြုံးကြည်(၅၇)နှစ် လိုက်ပါလာသည့် BGO-11/1R-XXXX ISUZU အမျိုးအစား မော်တော်ယာဉ်မှာ အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသည့် အုတ်စီကျောက်ပြားနှင့် အုတ်တိုင်တို့အား ဝင်ရောက်တိုက်မိခဲ့၍ ဒေါ်ပြုံးကြည်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် စိုးလွင်အား အမှတ်(၃)အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် မှတ်တမ်းဓာတ်ပုံ။