Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ စက်သုံးဆီများ အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မတ် ၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်တို့၌ စက်သုံးဆီများ အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းကားလမ်း ဝါးချက်ကျေးရွာလမ်းဆုံ၌ စစ်ကိုင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် စစ်ကိုင်းမှ မင်းကွန်းသို့ ပန်းပဲတန်းရပ်ကွက်နေ ဇာနည်(၄၈)နှစ် မောင်းနှင်လာသော MDY-5N/XXXX Toyota Corolla အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသည့် ပလတ်စတစ်ပုံးများဖြင့် ထည့်ထားသော 92 Ron စက်သုံးဆီ ၁၃၂ ဂါလန်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇာနည်အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၂၀/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ပုဒ်မ ၃၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
     အလားတူ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မန္တလေးမှ စစ်ကိုင်းမြို့သို့ မဟာအောင်မြေမြို့နယ်၊ သံလျက်မော် အနောက်ရပ်ကွက်နေ ချစ်သဲ(ခ)ကိုမျိုး(၄၅)နှစ် မောင်းနှင်လာသော MDY-16/ 2B-XXXX Nissan ခြောက်ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ တရားမဝင် အထောက်အထားမဲ့ သယ်ဆောင်လာသည့် ဒီဇယ် ၄၆ ဂါလန်ခန့်စီပါ ပီပါ ၅ လုံး၊ စုစုပေါင်း ၂၃၀ ဂါလန်ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ချစ်သဲ (ခ)ကိုမျိုးအား အမရပူရမြို့မရဲစခန်း (ပ)၃၆/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ပုဒ်မ ၃၇ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ စက်သုံးဆီများ အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။