Language: Myanmar English

အကြမ်းဖက်သမားလူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံး ပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၇ ရက် မွန်းလွဲ ၄ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ ရေနံမတိုက်နယ်ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မင်းလှမြို့နယ်၊ ကိုင်းငယ်ကျေးရွာနေ ဦးတင်ထွန်း(၆၃)နှစ်သည် ကျေးရွာအနီးရှိ ယာခင်းသို့ ခြေလျင်သွားရောက်စဉ် ကိုင်းငယ်-ဘန့်ပြင်ကျေးရွာချင်းဆက် မြေသားလမ်းပေါ်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ မရမ်းကျင်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမောင်မောင်ကြီး(၆၀)နှစ်သည် မရမ်းကျင်းကျေးရွာအနီး ဒေသအခေါ် ဘောမိချောင်းအရှေ့ဘက်ကမ်းရှိ သီဟိုဠ်ခြံသို့ သွားရောက်စဉ် ခြံအနီးအရောက် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ညနေ ၆ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာနေ ဦးနန္ဒာထွန်း (၄၃)နှစ်သည် ၎င်း၏နေအိမ်မှ ဝဲခမိကျေးရွာအနီးရှိ ရာဘာခြံသို့ ထွက်လာစဉ် ရာဘာခြံအနီး အရောက် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။