Language: Myanmar English

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိ

    ၂၀၂၅ ခုနှစ်၊ မတ် ၉ ရက်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် နံနက် ၁၁ နာရီတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရွှေသံလွင်တိုးဂိတ်အဟောင်းတွင် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမြို့မှ ဘီးလင်းမြို့သို့ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်နေ စန်းသူရထွန်း(၄၀)နှစ် မောင်းနှင်လာသည့် MDY-17/ 7Q-XXXX TOYOTA LEXUS အမျိုးအစား အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရသဖြင့် စန်းသူရထွန်းအား ဘီးလင်းမြို့မရဲစခန်း (ပ)၂၂/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
    အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ရွှေဘို)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စခတ(၈)ရှေ့ ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရွှေဘိုမြို့မှ မြစ်ကြီးနားမြို့သို့ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ ဝင်းဝင်းထွန်း(၄၀)နှစ် မောင်းနှင်လာသည့် MDY-3/ RLG-XXXX OUTLANDER အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ဝင်းဝင်းထွန်းအား ရွှေဘိုမြို့မရဲစခန်း (ပ)၄၂/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။