Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက် နံနက် ၈ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ  ကံတလူစစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ အင်းတော်မြို့သို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်နေ ကျော်အောင်(၅၁)နှစ် မောင်းနှင်ပြီး ဗန်းမောက်မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာနေ ဝင်းထွန်း(၃၀)နှစ် လိုက်ပါလာသည့် MDY-RLG/XXXX NISSAN AD-Van မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ကျော်အောင်နှင့် ဝင်းထွန်းတို့ နှစ်ဦးအား ရွာသစ်ကြီးနယ်မြေရဲစခန်း (ပ)၁၆/၂၀၂၅၊  ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈/ ၁၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း‌ သိရသည်။
    အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရွှေဘိုမြို့မှ မြစ်ကြီးနားမြို့သို့ ပုသိမ်ကြီးမြို့နယ်၊ ပုဏ္ဏားကုန်းကျေးရွာနေ စိုင်းကြယ်လင်း (၃၇)နှစ် မောင်းနှင်သည့် YGN-RLG/XXXX PAJERO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ် ဖြစ်ကြောင်း သိရှိရသဖြင့် စိုင်းကြယ်လင်းအား ရွှေဘိုမြို့မရဲစခန်း (ပ)၄၅/၂၀၂၅၊  ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။