တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ငါ့သရောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ယာဉ်မောင်းဖြစ်သူ ဦးသန်းလှိုင်(၄၉)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မမ(၄၅)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး တောပြားကျေးရွာ၏အရှေ့ဘက် ၂ မိုင်ခန့်အကွာ ယာခင်းသို့ ဖမ်းဆီးခေါ်ဆောင်၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသန်းလှိုင်နှင့် ဒေါ်ခင်မမတို့တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု မှတ်တမ်းဓာတ်ပုံ။