လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်နှင့် “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သာသနာ့အနွယ်ဝင် သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဓား၊ သေနတ်များအသုံးပြု၍ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၄ ရက် မွန်းလွဲ ၅ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါးနှင့် အမျိုးသား တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖယ်ခုံမြို့၊ ဈေးအရှေ့ရပ်ကွက်ရှိ ရှမ်းပိဋကတ်တိုက် (ရှမ်းဓမ္မာရုံ)ကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဘဒ္ဒန္တဓမ္မသာရ၊ သက်တော်(၄၇)နှစ်၊ ဝါတော်(၂၇)ဝါနှင့် ဈေးအရှေ့ရပ်ကွက်နေ စိုင်းခင်မောင်လတ်(၃၆)နှစ်တို့သည် အုံတိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ရောက်နေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) အင်အား လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။