၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှ နေပြည်တော်သို့ ရန်ကင်းမြို့နယ်၊ (၁၆)ရပ်ကွက်နေ အောင်မိုး(၅၀)နှစ်မောင်းနှင်ပြီး ဇနီး ဒေါ်ခင်စိုးဝေ(၅၆)နှစ် လိုက်ပါလာသည့် YGN-33/ 3L-XXXX TOYOTA HARRIER LEXUS မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက် ယာဉ်မောင်း အိပ်ငိုက်၍ လမ်းယာဘက်ရှိဂတ်စ်ဝေးတန်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိပြီး လမ်းဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဒေါ်ခင်စိုးဝေတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် အောင်မိုးအား ပလွေးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ ယာဉ်တိမ်းမှောက်မှု မှတ်တမ်းဓာတ်ပုံ။