Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ မော်တော်ယာဉ်အား လမ်းပြောင်းပြန် မောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ဒဏ်ရာရ

     ၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ မော်တော်ယာဉ်အား လမ်းပြောင်းပြန် မောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂ မိုင် ၃ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်နေ စောအီစက် (၃၈)နှစ်သည် YGN-11/1D-XXXX TOYOTA CALDINA ယာဉ်အား ရန်ကုန်-နေပြည်တော်လမ်းပိုင်းအတိုင်း လမ်းပြောင်းပြန် မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ရန်ကုန်မှ နေပြည်တော်သို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်နေ ဖြိုးအောင်(၃၃)နှစ် မောင်းနှင်လာသည့် MDY-12/1Q-XXXX FORD RANGER ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် စောအီစက် တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် စောအီစက် အား အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌
ယာဉ်တိုက်မှု မှတ်တမ်းဓာတ်ပုံ။