Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၉၇/၅ နှင့် ၉၇/၆ ကြားတွင်  ယာဉ်တိမ်းမှောက်မှု 

     ၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၉၇/၅ နှင့် ၉၇/၆ ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း ဦးသိန်းဇော်ဦး မောင်းနှင်လာသော YGN-4I/XXXX ALPHARD အမျိုးအစား (အဖြူရောင်) “အောင်ဇေလူမှုကယ်ဆယ်ရေးအသင်း” လူနာတင်ယာဉ်သည် မောင်းနှင်လာစဉ် လမ်းဖြတ်ကူးသည့် ခွေးအား ရုတ်တရက်ရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောက်တိုက်မိပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၂၄ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် YGN-4I/XXXX ALPHARD အမျိုးအစား (အဖြူရောင်) “အောင်ဇေလူမှုကယ်ဆယ်ရေးအသင်း” လူနာတင်ယာဉ်၏ ဦးခေါင်းပိုင်းကြေမွ၊ ရှေ့/နောက်လေကာမှန်ကွဲ၊ ဝဲ/ယာ တံခါးမှန်ကွဲ၊ အမိုးပိန်ချိုင့်၊ ဘော်ဒီတစ်ခုလုံးပိန်ချိုင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်ပေါ်ပါ အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦးအနက် အမျိုးသား တစ်ဦး(သေဆုံး)၊ အမျိုးသမီး တစ်ဦး(သေဆုံး)၊ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ဦးသိန်းဇော်ဦးအား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။