၂၀၂၅ ခုနှစ်၊ မတ် ၂၇ ရက်တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီးနှင့် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
ဂုဏ်ပြုသွေးလှူဒါန်းခြင်းများအား မတ် ၂၀ ရက် နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီးများ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်း စုစုပေါင်း ၁၈၂ ဦးတို့က တစ်ချိန်တည်း ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါဆေးရုံကြီးများ၌ ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည့် သွေးလှူရှင်တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်(၁)နှင့် ရဲအရာရှိကြီးများ၊ နေပြည် တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မိုးခိုင်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ တပ်မှူး ဗိုလ်မှူးချုပ် အောင်မြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးစကားပြောကြားကာ သွေးလှူရှင်များအား အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်လျက်ရှိသည့် လူနာများအတွက် အလှူငွေသိန်း ၅၀ ကျပ် ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မတ် ၂၀ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်း ၁၈၂ ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး မတ် ၂၁ ရက်တွင်လည်း နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၁၁၁ ဦး တို့က ဆက်လက်ဂုဏ်ပြုသွေးလှူဒါန်းကြမည်ဖြစ်ရာ ဆေးရုံကြီး နှစ်ခုတွင် စုစုပေါင်းသွေးလှူဒါန်းသူ ၂၉၃ ဦး ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။