၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် တင်ကိုကိုနှင့် နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းဦးတို့သည် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ ကင်းသာစစ်ဆေးရေးဂိတ်သို့ သွားရောက်ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးအရာရှိ(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး လင်းလင်းထွဋ်၊ တပ်ကုန်းတပ်နယ်မှ စစ်ဦးစီးအရာရှိ(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ချမ်းမြေ့ဦး၊ ဥတ္တရသီရိခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စံသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြစိုး၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ညီညီထွန်း၊ ကင်းသာစစ်ဆေးရေးဂိတ်မှ တာဝန်ကျတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် ဒုတိယရဲချုပ်(၁)က မတ် ၁၇ ရက် နံနက် ၉ နာရီတွင် ကင်းသာစစ်ဆေးရေးဂိတ်၌ လက်နက်မျိုးစုံ ၁၆ လက်၊ ကျည်အိမ်မျိုးစုံ ၁၉ ခု၊ ကျည်မျိုးစုံ ၁၆၈၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ အကြမ်းဖက်အုပ်စု B.T.N Army ဘက်တံဆိပ် ၁ ခု၊ M.K.C.D.F ဘက်တံဆိပ် ၁ ခု၊ မြို့ပြတော်လှန်ရေး တပ်ဦးဘက်တံဆိပ် ၁ ခု၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်တံဆိပ် ၁ ခု၊ ဗိဿနိုး PDF ဘက်တံဆိပ် ၁ ခု၊ 96 Soldiers ဘက်တံဆိပ်အနက် ၁၀ ခု၊ အနီ ၁၀ ခု၊ ကယန်းပြည်နယ် ဖွဲ့စည်းပုံအခြေခံမူကြမ်းစာအုပ် ၂ အုပ်၊ ပြောက်ကြားစိမ်း ယူနီဖောင်း(ဘက်တံဆိပ်မပါ) ၃ စုံ၊ Icom လမ်းလျှောက်စကားပြောစက် ၃ လုံး၊ Icom အားသွင်းခွက် ၂ ခု တို့အား သိမ်းဆည်းရမိနိုင်ရေး စစ်ဆေးရေးလုပ်ငန်းတာဝန်များအား လုံခြုံရေးအသိ၊ သတိရှိစွာဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့သည့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား ချီးကျူးအားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ချီးမြှင့်ပေးအပ်သည့် ဆုငွေသိန်း ၅၀ ကျပ်ကို လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား စတင်စစ်ဆေးတွေ့ရှိသူ အမှတ်(၉၂၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်သား ဘိုစီအား ဆုငွေကျပ် ၁၀ သိန်းနှင့် ကျန်တပ်ဖွဲ့ဝင်များအတွက် ဆုငွေသိန်း ၄၀ ကျပ်တို့အား ဒုတိယရဲချုပ်(၁)မှ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။