Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိ

       ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တကောင်းရပ်ကွက်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေး-မုံရွာ ကားလမ်းအတိုင်း အရှေ့မှ အနောက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်ကွက်နေ ချမ်းမြေ့လင်း(၃၆)နှစ် မောင်းနှင်လာသည့် MDY-14/4M-XXXX HONDA FIT အနက်ရောင် မော်တော်ယာဉ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကုန်းရွာကျေးရွာနေ ဝေယံနိုင်(၃၁)နှစ် မောင်းနှင်လာသည့် MDY-17/5E-XXXX HONDA FIT ခဲရောင် မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့် ချမ်းမြေ့လင်းနှင့် ဝေယံနိုင်အား စစ်ကိုင်းမြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။