၂၀၂၅ ခုနှစ်၊ မတ် ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၂၀ ရက် နံနက် ၄ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ကန်ချောကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၆ မိုင်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီးမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှ မန္တလေးသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ကျော်ဇေယျာလွင်(၃၀)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်/ယာဉ်အကူ ၄ ဦး၊ ခရီးသည် ၂၁ ဦး လိုက်ပါလာသော YGN-3/1R-XXXX YUTONG Express ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ဘယ်ရီယာတုံးများအား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ တိမ်လှကျေးရွာနေ မဇင်မာစိုး(၄၀)နှစ်ပါ အမျိုးသမီး ၈ ဦး နှင့်အမျိုးသား ၁ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ကျော်ဇေယျာလွင်အား စကားအင်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၌ ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု မှတ်တမ်းဓာတ်ပုံ။