၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ ကော်ထူ(ခ)နေသူရိန် ငှားရမ်းနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၇ ကီလို(တစ်ကီလိုလျှင် သိန်း ၁,၁၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၈၇၀) သိမ်းဆည်းရမိခဲ့ကြောင်း။
အလားတူ ပူးပေါင်းအဖွဲ့သည် မတ် ၂၀ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ လင်းထွဋ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈,၀၀၀ ပြား(တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၄၃၂ သိန်း) သိမ်းဆည်းရမိခဲ့ပြီး နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၀၀၀ ပြား(တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁၃၆ သိန်း) အားလည်းကောင်း။
ဆက်လက်၍ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် ကွင်းဆက်တရားခံ စိုင်းအွန်(ခ)စိုင်းခမ်း အားလည်းကောင်း ဖမ်းဆီးရမိ၍ စိုင်းအွန်(ခ)စိုင်းခမ်း၏ ဖော်ထုတ်ပြောပြချက်အရ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ မြို့ရှောင်လမ်းအနီး မယ်ဆိုင်ရေချောင်းဘေးတွင် ၎င်းသိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀,၀၀၀ ပြား (တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၉၆၀) ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ကော်ထူ(ခ)နေသူရိန်(၂၁)နှစ်၊ လင်းထွဋ်(၃၂)နှစ်နှင့် စိုင်းအွန်(ခ)စိုင်းခမ်း(၅၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။