၂၀၂၅ ခုနှစ်၊ မတ် ၂၇ ရက်တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်(၁)နှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ အရာရှိကြီးများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ မိုးခိုင်နှင့် ဆေးရုံတာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းအင်အား ၁,၁၃၀ ဦးတို့နှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းအင်အား ၁၀၀ ဦး စုစုပေါင်းအင်အား ၁,၂၃၀ ဦးတို့က ဆေးရုံကြီးဝင်းအတွင်း/အပြင် သန့်ရှင်း သာယာလှပရေးအတွက်ဆောင်ရွက်ခြင်း၊ ဆေးကုသဆောင်နှင့် အဆောက်အအုံများပေါ်ရှိ အမှိုက်များ၊ သစ်ရွက်ခြောက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အအုံများဘေး ထိစပ်နေသော သစ်ကိုင်းများ၊ သစ်ပင်ကြီးများအား အမြင်တင့်တယ်စေရေး၊ လေဝင်/လေထွက်ကောင်းမွန်စေရေးနှင့် အလင်းပွင့်စေရေးအတွက် ခုတ်ထွင်ဖယ်ရှားရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။