အစွန်းရောက်အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်စေရန် ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက် မွန်းလွဲ ၁၂ နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ကျေးရွာအနီး ထုံခါ-သဲဖြူ-မောတောင်ကားလမ်းမိုင်တိုင်အမှတ် ၃ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားရှိ တံတားအမှတ်(၁/၄) ချောင်းနှစ်ပေါက်တံတားအား အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် အဆိုပါနေရာရှိ အလျား ၂၄၀ ပေ၊ အကျယ် ၂၈ ပေ၊ သံကူကွန်ကရစ်အမျိုးအစားတံတားတွင် တံတား၏ ၃ ခန်းမြောက် ဝဲ/ယာလက်ရန်းနှင့် ကြမ်းခင်းများပြိုကျပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့် တံတားအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီး အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ တံတားအမှတ်(၁/၄) ချောင်းနှစ်ပေါက်တံတားအား
လက်နက်ကိုင်အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် မှတ်တမ်းဓာတ်ပုံ။