Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိ

      လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး လေးဦးနှင့် ကလေးငယ် တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေဘိုမြို့နယ်၊ အမှတ်(၉)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်းသို့ လက်နက်ကြီး ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ဒေါ်ခင်စိန်(ခ)ဒေါ်မွှေး(၆၇)နှစ်၊ ဒေါ်ခိုင်မို့မို့လင်း(ခ)မမိုး(၃၈)နှစ်၊ ဒေါ်တင်တင်မိုး(၃၀)နှစ်၊ ဒေါ်တင်တင်ဌေး(၆၃)နှစ်နှင့် မောင်ဇင်မင်းထက်(၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
      ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင် ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူ လူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ 
လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ 
ငါးဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။