အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးသို့ PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က အဆိုပါရုံး၏ အနောက်ဘက်လမ်းကြားအတိုင်း ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်အသံဗုံး တစ်လုံး ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် လျှပ်စစ်ရုံးဝင်းအတွင်းရှိ မြေကွက်လပ်သို့ လက်လုပ်အသံဗုံး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။