Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိ

      ၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ မတ် ၂၄ ရက် ည ၉ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းမကြီးဘေးရှိ “အောင်အောင်ဟိန်း” လက်ဖက်ရည်ဆိုင်အနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သန်လျင်မြို့၊ ဒါရ်ဂါရပ်ကွက်နေ အောင်ထက်(၂၂)နှစ်သည် ဘေးတွဲဆိုင်ကယ်အား ကျိုက်ခေါက်ဘုရားလမ်းအတိုင်း မြောက်မှ တောင်သို့ လမ်းပြောင်းပြန် မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ မျက်နှာချင်းဆိုင်မှ ကျိုက်အင်းကျေးရွာနေ နိုင်လင်းအောင်(၃၇)နှစ် မောင်းနှင်လာသည့် YGN-31/HH-XXXX PROBOX မော်တော်ယာဉ်နှင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် အောင်ထက်တွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် အောင်ထက်အား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ)၁၂/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိုက်မှု မှတ်တမ်းဓာတ်ပုံ။