Language: Myanmar English

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

    လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၇ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့တို့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကော့ကရိတ်မြို့ပေါ် အမှတ်(၃)ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ မောင်အောင်ထွဋ်ကို(၇)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ဘားအံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။